မိန်းမတိုင်း ဒီလိုအိပ်မက်မက်ဖူးကြမယ်

မိန်းမတိုင်း ဒီလိုအိပ်မက်မက်ဖူးကြမယ်

ကိုယ့်ဘေးမှာ ကိုယ့်ကိုချစ်တဲ့၊ အလိုလိုက်တဲ့၊ ခွင့်လွှတ်နားလည်ပေးတဲ့၊ ဆွဲခေါ်အားပေးတတ်တဲ့ ယောက်ျားတစ်ယောက်ရှိဖို့ အိပ်မက်မက်ခဲ့ကြမယ်။ ဒါပေမဲ့ မိန်းမတော်တော်များများဟာ အိပ်မက်ကလန့်နိုးလာခဲ့ပြီး ကိုယ့်မှာ အဲဒီလို အိမ်ရှေ့မင်းသမီးဖြစ်ဖို့ ကံမပါရင် အိမ်ရှေ့မင်းသမီးဖြစ်မှာမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။

မိန်းမတိုင်း စားဝတ်နေရေး မကြောင့်မကျနေရဖို့ကို မျှော်လင့်ခဲ့ဖူးကြမယ်။ ပိုက်ဆံမရှိတဲ့အခါ ပိုက်ဆံပေးမယ့်သူ၊ စိတ်ညစ်တဲ့အခါ ချော့မော့မယ့်သူ၊ မောပန်းတဲ့အခါ ကြင်နာယုယမယ့်သူရှိဖို့ မျှော်လင့်ခဲ့ကြမယ်။ ဒါပေမဲ့ မိန်းမတော်တော်များများက ဘဝရဲ့ ကျွန်ဖြစ်သွားကြရတယ်။ အလုပ်လုပ်ရတယ်၊ မိသားစုကို စောင့်ရှောက်ရတယ်၊ ကလေးတွေကို ကာကွယ်ရတယ်၊ နားမခံသာတဲ့စကားနဲ့ပြောရရင် အိမ်အကူလိုပါ။

ဘဝထဲက မိန်းမသားတော်တော်များများဟာ ယောက်ျားသားလို ရှင်သန်နေရတယ်။ ပိုက်ဆံရှာရတယ်၊ အလုပ်လုပ်ရတယ်၊ အိမ်မှုကိစ္စထိန်းသိမ်းရတယ်၊ တစ်ခါခါ ယောက်ျားသားထက်တောင် သန်မာရတယ်။ ငိုချင်တဲ့အခါ အံကြိတ်ထားရတယ်၊ လဲကျချင်တဲ့အခါ တောင့်ခံထားရတယ်၊ လက်လွှတ်ချင်တဲ့အခါ ရင်ကော့ထားရတယ်၊ တစ်ခါခါ ယောက်ျားသားထက်တောင် ထမ်းပိုးနိုင်ခဲ့တယ်။

မိန်းမတိုင်းက ပန်းတစ်ပွင့်လို ရှင်သန်ချင်တာပေါ့။ ကြွေမှာစိုးလို့ လက်ဖဝါးထဲထည့်ထားတာမျိုး၊ လုမှာစိုးလို့ အချစ်နဲ့ထုပ်ထားတာမျိုး၊ မောမှာစိုးလို့ ရင်ခွင်ထဲထည့်သိပ်ထားတာမျိုး၊ ခံယူ ရှင်သန်ရှင်ချင်ခဲ့တာပေါ့။ ဒါပေမဲ့ ဒေါင်ကျကျ ပြားကျကျရှင်သန်နိုင်မှသာ ကြင်နာယုယမယ့်သူမရှိလည်း တစ်လောကလုံးကို ကိုယ့်အားကိုယ်ကိုး ထမ်းထားနိုင်မယ်ဆိုတာ နောက်တော့သိလိုက်ရတယ်။

ယောက်ျားသားနဲ့တူတဲ့ မိန်းမဟာ မိန်းမတစ်ယောက်နဲ့မတူဘူးလို့ ဆိုကြတယ်။ ဘယ်သူက မိန်းမနဲ့မတူချင်ရမှာလဲ… ထူထည်းတဲ့ ပခုံးတစ်စုံလိုချင်တာပေါ့၊ မှီလို့ရတဲ့ ရင်ခွင်ကျယ်တစ်ခုလိုချင်တာပေါ့။ နွေးထွေးတဲ့လက်တစ်စုံ လိုချင်တာပေါ့။

 

ယောက်ျားသားနဲ့တူတဲ့ မိန်းမဟာ တစ်ခုတည်းသောမြို့ရိုးလို့ ဆိုကြတယ်။ ဒါဟာ အတင်းအကျပ်ကျင့်ယူခဲ့တဲ့ အကျင့်စရိုက်၊ လေ့ကျင့်ယူခဲ့တဲ့ အားကောင်းသန်မာခြင်း၊ တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ ခွန်အားတွေဆိုတာ ဘယ်သူသိနိုင်မှာလဲ…

လောကမှာ မိန်းမနှစ်မျိုးရှိတယ်။ တစ်မျိုးက ပျော်ရွှင်ချမ်းမြေ့ရတဲ့အမျိုးရယ်၊ နောက်တစ်မျိုးက ခွန်အားပြည့် သန်မာရတဲ့အမျိုးရယ်။ ပျော်ရွှင်ချမ်းမြေ့ရတဲ့အမျိုးက လက်ခုပ်ထဲထည့်ခံထားရသူမို့ ခွန်အားကြီးစရာမလိုဘူး။ သန်မာရတဲ့အမျိုးက မျက်ရည်နဲ့အကူအညီမဲ့ခြင်းကြားထဲ ဝင်ရောက်ခံခဲ့ရလို့ ခွန်အားကြီးသန်မာရတယ်။

 

 

 

မိန်းမတို့ရေ..

လက်ခုပ်ထဲထည့်မခံရရင် သန်မာပါ။ လက်ခုပ်ထဲထည့်ခံရရင်လည်း သန်မာပါ။ ဘယ်သူကမှ ကိုယ့်နောက်တစ်သက်လိုက်မယ်လို့ အာမမခံနိုင်လို့ပါ။

 

#နိုင်းနိုင်းစနေ

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *