ကလေးမြို့တွင် တရက်လျှင် အလောင်း ၂၀ ကျော် သင်္ဂြိုလ်နေရ

စစ်ကိုင်းတိုင်း အထက်ပိုင်း ကလေးမြို့မှာ သေဆုံးသူဦးရေ မြင့်တက်နေပြီး ခရစ်ယန်သင်္ချိုင်းနှင့် ဗုဒ္ဓဘာသာ သင်္ချိုင်းနှစ်ခုပေါင်း၍ တရက်လျှင် အလောင်း ၂၀ ကျော်သင်္ဂြိုလ်နေရသည်ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်နေသူများက ဆိုသည်။

 

 

 

သေဆုံးသူများမှာ ကိုဗစ်ကြောင့် ဟုတ်မဟုတ် အတည်မပြုနိုင်သော်လည်း လူမှုကူညီရေး လုပ်နေသူများက အလောင်းတိုင်းကို PPE ဝတ်စုံများနှင့် သယ်ယူကာ သင်္ဂြိုလ်နေကြရသည်ဟု ကူညီနေသူများက ဆိုသည်။

 

 

 

“နေ့လယ်ဘက်ဆို ထမင်းစားချိန် နာရီဝက်၊ တစ်နာရီလောက်ပဲ နားချိန်ရှိတယ်။ အောက်ဆီဂျင်ဘူးရှာလိုက်၊ အလောင်းသယ်လိုက်” ဟု အလောင်းများကို ကိုယ်တိုင် သယ်ယူ၍ သင်္ဂြိုလ်ပေးနေရသူက ဆိုသည်။

 

 

 

သေဆုံးသူများမှာ ဇူလိုင် ၁ ရက်နေ့မှ ၄ ရက်နေ့ထိ ၂၆ ဦး၊ ၂၇ ဦး၊ ၃၃ ဦး၊ ၂၇ ဦး အသီးသီးရှိခဲ့ပြီး ယနေ့ ဇူလိုင် ၆ ရက်နေ့တွင် ဗုဒ္ဓဘာသာ သင်္ချိုင်းတစ်ခုတည်းတွင် လူ ၂၀ ကျော်သင်္ဂြိုလ်ခဲ့ရသည်ဟု သိရသည်။

 

 

 

“ဒါက ဗုဒ္ဓဘာသာ သင်္ချိုင်းပဲ ရှိသေးတာ။ ဟိုဘက် (ခရစ်ယာန် သင်္ချိုင်း) မှာလည်း ဒီနေ့ များတယ် လို့ သိရတယ်” ဟု သတင်းပေးလာသူက ဆိုသည်။

 

 

 

ယခင် ဒေါ်အောင်ဆန်းစုကြည်လက်ထက်က ကိုဗစ်စင်တာများတွင် ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့သည့် ကလေး ဗော်လန်တီယာအဖွဲ့ရှိခဲ့သော်လည်း အာဏာသိမ်းလိုက်ပြီးသည့်နောက် ယင်းအဖွဲ့မှ ဦးဆောင်သူများမှာ စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှု ခံရသည့်အတွက် ရှောင်ပုန်းနေခဲ့ရသည်။

 

 

 

ကိုဗစ်စင်တာ အိတ်စွပ်ပြည်သူ့အိမ်ယာတွင် ပုံမှန်အားဖြင့် ကိုဗစ်လူနာ ၂၀၀ ကိုသာ လက်ခံကုသပေးနိုင်သော်လည်း ယခုအချိန်တွင် လူနာ ၄၀၀ ထိ ကုသပေးနေရသည်။ ထို့ပြင် အိုင်စီယူရှိသည့် တိုင်းရင်းဆေးရုံတွင်လည်း လူ ၁၀ ဦးမှ ၂၀ ထိသာ လက်ခံကုသပေးနိုင်ပြီး ဆေးရုံကြီးတွင်မူ လူ ၂၀ မှ ၃၀ ထိ လက်ခံကုသပေးနေနိုင်သည်ဟု သိရသည်။

 

Photo credit to Alwan Nay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *