အင်းစိန် ထောင်တွင်း ဆန္ဒပြသူများ အချက်သုံးချက်တောင်းဆို

အင်းစိန် ထောင်တွင်း ဆန္ဒပြသူများ အချက်သုံးချက်တောင်းဆို

 

ဇူလိုင် ၂၃

 

ယနေ့ နံနက် ၈ နာရီမှ ၁၀ နာရီကြား အင်းစိန်ထောင်တွင်း ကြွေးကြော်ဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြသူများက အချက်သုံးချက်တောင်းဆိုထားကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသူများကို ဥပဒေအရ ကူညီပေးနေသည့် ရှေ့နေများက ဆိုသည်။

စစ်ကောင်စီက မနေ့က ခိုးမှု၊ လောင်းကစားမှု၊ ပြည့်တန်ဆာမှုအပါအဝင် အမှုတစ်ချို့ကို ပိတ်သိမ်းကာ တရားစွဲခံထားရသူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅၀၅-က နှင့် နိုင်ငံရေးအကျဥ်းသားများကို မလွှတ်ပေးသည့်အတွက် တရားစွဲခံရသည့် နိုင်ငံရေးအကျဥ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်၊

ထောင်တွင်း၌ ဖျားနာမှုများ အများအပြားဖြစ်ပေါ်နေပြီး ကုသမှုများလုံလောက်အောင် ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် အဆင်ပြေအောင် စီစဉ်ပေးရန်နှင့်

ထောင်ပိုင် အပြောင်းအလဲအောက်တွင် ထောင်စည်းကမ်းတင်းကျပ်မှုများရှိလာပြီး ယင်းကို ဖြေလျှော့ပေးရန် တောင်းဆိုနေကြခြင်းဖြစ်ကြောင်း ရှေ့နေတစ်ဦးက ဆိုသည်။

“ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး လတ်တလော ဆွေးနွေးမှုလုပ်နေတယ်လို့သိရပါတယ်။ သီးသန့်ဆောင်မှာပဲဖြစ်ပြီး ထောင်မကြီးကတော့ ဆန္ဒပြတာမရှိဘူးလို့ သိရပါတယ်” ဟု လည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထောင်တွင်း ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး ထောင်တွင်းတာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခြင်းမရှိခဲ့ပေ။

ယနေ့ နံနက် ၈ နာရီမှ ၉ နာရီထိအင်းစိန်ထောင်ဘူး၀ ရှိသည့်အခြမ်းမှနေ၍ “အာဏာရှင်စနစ်အလိုမရှိ” “ဒီမိုကရေစီစနစ်ရရှိရေး ..ဒို့အရေး” နှင့် “အကျဉ်းသားများ ချက်ခြင်းလွှတ်” ဟူသည့် ကြွေးကြော်သံများနှင့်အတူ မွန်းအောင်၏ သွေးသစ္စာသီချင်းများကိုလည်း နာရီနှင့်ချီကြာအောင် ထောင်ထဲမှနေ၍ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“သူတို့ နွေဦးတော်လှန်ရေးရဲ့ အမှတ်အသား နိုင်ငံရေးကြွေးကြော်သံတွေ ဟစ်ကြွေးကြတယ်။ ဒီအသံတွေကြားတဲ့အချိန်မှာ ကျွန်မလည်း ကျွန်မရင်ထဲမှာ ဝမ်းနည်းပြီး ငိုချင်စိတ်တွေဖြစ်မိတယ်” ဟု ထောင်အနီးတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

 

Burma Associated Press

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *