တကယ်လို့ တစ်နေ့နေ့မှာ…..

တကယ်လို့ တစ်နေ့နေ့မှာ…..

 

တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့…. ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင်သတိမရပါနဲ့။ တကယ်လို့ တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏမမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့…. ငါကိုရှာဖွေဖို့ ပိုလို့တောင်မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ…

 

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ “ရှုပ်လိုက်တာ”၊ “မုန်းစရာကြီး”လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ “ငါပြောတာတွေက အမြဲမှန်တယ်”လို့ ပြောတတ်တဲ့ ခေါင်းမာသူမရှိတော့တဲ့အခါ၊ နင့်အပေါ် ကြမ်းကြမ်းတမ်းတမ်းဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ “ဖုန်းကြာကြာပြောချင်တယ်”လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊ “ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါ”လို့ ပူဆာတဲ့သူ မရှိတော့တဲ့အခါ…. ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

 

တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ “နင်ဘယ်အချိန်အိမ်ပြန်မလဲ? အိမ်ရောက်ဖို့ ဘယ်နှမိနစ်လိုလဲ”လို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ “ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူး”လို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ “ဟင့်.. မောင်နော်”လို့ ချွဲချွဲနွဲ့နွဲ့အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊ “အမှားလုပ်ပြီးမှ ငါနောင်တရလိုက်တာ”လို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ် ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ…. ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

 

အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင့်စိတ်လေး နည်းနည်းတော့ထိခိုက်စေချင်တယ်။ နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။ ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။ တကယ့် နည်းနည်းလေးမှ နည်းနည်းလေးပါ…

 

တကယ်လို့ တစ်နေ့နေ့မှာ နင့်နေ့စဉ်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ် ငါကောင်းခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။ ငါ့ရဲ့ခွင့်လွှတ်ခြင်း၊ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။ ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအ,စကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန် ကျခဲ့တဲ့မျက်ရည်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။ ကမ္ဘာရဲ့ထောင့်တစ်နေရာစီမှာ ငါတို့တတွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုတည်းရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုတည်းရှိတယ်၊ လေထုတစ်ခုတည်းကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့ပါလိမ့်မယ်။

 

တကယ်လို့ တစ်နေ့နေ့မှာ နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူရှိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။ ငါ ကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကို မမေ့ပါနဲ့။ ဘာအတွက် ငါပျော်တယ်၊ ဘာအတွက် ငါနာကျင်တယ်ဆိုတဲ့ ငါ့ခံစားချက်ကို မမေ့လိုက်ပါနဲ့။ နင်နဲ့ပတ်သက်သမျှ ဘယ်အရာကိုမှ ငါမေ့လိုက်မှာ မဟုတ်ပါဘူး။ နင့်ရဲ့အကျင့်၊ နင့်မကြိုက်တာတွေ၊ နင့်ရဲ့ ပျော်ရွှင်၊ နာကျင်တဲ့ခံစားချက်တွေ ငါမေ့မှာမဟုတ်ဘူး။ ခံစားချက်ကမ္ဘာထဲမှာ “မျှတ”တဲ့ စကားလုံးမရှိလို့ ဒါတွေအတွက် ငါဂရုမစိုက်ခဲ့ပါဘူး။ နင်နဲ့အတူရှိခဲ့တဲ့ နှစ်တွေ၊ လတွေက ငါ့မှတ်ဉာဏ်ထဲမှာ လှပတဲ့အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါ။

 

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘဝထဲ ငါလုံးဝမရှိတော့တဲ့အခါ ငါ့ရဲ့အရိပ်၊ ငါရှင်သန်ခဲ့ဖူးတယ်ဆိုတာကို မေ့လိုက်ပါ။ နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာ၊ လွမ်းမှာကို ငါမလိုလားလို့ပါ။ ဒါတွေဟာ ငါ့ကိုချစ်လို့၊ ကြိုက်လို့ နင်နာကျင်လွမ်းဆွတ်တာ မဟုတ်မှန်း ငါသိတယ်။ ဒါတွေက နေ့တိုင်း နင်ရနေတတ်တဲ့ ငါ့ရဲ့ဖုန်း၊ ငါ့ရဲ့voice message၊ ငါ့ရဲ့နားပူနာဆာ၊ ငါ့ရဲ့မှီတွယ်ချင်စိတ်တွေမှာ နင်အကျင့်ပါနေလို့ပါ။ လူတစ်ယောက်ဟာ သူ့ဘဝထဲမှာ သူမကြိုက်၊ မချစ်တဲ့သူတစ်ယောက်ယောက် ရှင်သန်ခဲ့ဖူးပြီး အဲဒီလူမရှိတော့တဲ့အခါ သူလည်း အနည်းအကျဉ်းတော့ နာကျင်ထိခိုက်တတ်သတဲ့။ ငါဟာ မကြာခဏ သဝန်တိုတတ်၊ ဒေါသထွက်တတ်၊ အတ္တကြီးတတ်ပြီး ငါချစ်တဲ့နင့်ကို တခြားလူလာချစ်မှာ မလိုလားသူဆိုပေမယ့် ငါမရှိတော့တဲ့အခါ နင့်ဘဝပိုသာယာဖို့၊ ပိုပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်။

 

တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့ရှေးဘဝ၊ ဒီဘဝမှာလည်း ငါမရှိတော့တဲ့အခါ၊ အစကတည်းက ဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ဖို့ သတ္တိမရှိတဲ့ငါ ဘာဆက်ဖြစ်မလဲ မပြောတတ်ဘူး! နင်ကတော့ နင်ပါပဲ… ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး ဝမ်းနည်းကြေကွဲနေမယ့်ငါ့ကို နင်တွေ့လေမလား! နင့်ဘေးမှာငါမရှိတဲ့ ခံစားချက်ကို နင်ခံစားမိလေမလား! နင့်စိတ်ပျက်ဝမ်းနည်းတဲ့အခါ ငါနှစ်သိမ့်နိုင်တော့မှာ မဟုတ်ဘူး။ နင်စိတ်ထိခိုက်တဲ့အခါ နင်နဲ့လိုက်ပြီး ငါစိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။ နင်အသဲကွဲတဲ့အခါ နင်နဲ့လိုက်ပြီး ငါကြေကွဲနိုင်တော့မှာ မဟုတ်ဘူး။ အရင်က နင်နဲ့အတူ ငါလိုက်လုပ်ခဲ့သမျှကို နင်လည်းသတိမထားမိခဲ့ပါဘူး။ နင့်မှတ်ဉာဏ်၊ နင့်ဘဝ၊ နင့်ကမ္ဘာထဲမှာ ငါမရှိတော့တဲ့အခါ နင်နည်းနည်းလေးမှ ထိခိုက်မှာမဟုတ်ဘူး။ နည်းနည်းလေးမှ ဝမ်းနည်းမှာမဟုတ်ဘူး။ ငါနဲ့ပတ်သက်သမျှ နည်းနည်းလေးမှ သတိရမှာမဟုတ်ပါဘူး။ ဒါတွေကို ငါကောင်းကောင်းနားလည်ခဲ့ပါတယ်။

 

ဒီလိုနေ့တစ်နေ့ကို ရောက်လာတဲ့အခါ ဝမ်းနည်းနာကျင်သူ၊ အသဲကြွေသူဟာ ငါပဲဖြစ်ခဲ့ပါတယ်။ ငါဟန်ဆောင်ကောင်းခဲ့တယ်၊ ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ကောင်းခဲ့ပါတယ်။ နင်ပြောခဲ့ဖူးတယ်… နင့်ဘဝမှာ ငါမရှိတော့တဲ့တစ်နေ့ နင်ဘာဖြစ်မယ်ဆိုတာကို နင်မသိဘူးတဲ့! ငါနားလည်ခဲ့ပါတယ်.. တကယ်တော့ ငါမကောင်းတာပါ။ နင့်ဘဝထဲ ငါမဝင်ခဲ့သင့်ဘူး။ နင့်ကမ္ဘာထဲ ငါမရှင်သန်ခဲ့သင့်ဘူး။ နင့်ကို တိတ်တခိုးချစ်၊ အရာရာကို ကျိတ်မှိတ်ခံ၊ နင့်ကို တိတ်တိတ်လေးစောင့်၊ နင့်ကို တစ်ယောက်တည်းလွမ်းတဲ့သူပဲ ဖြစ်သင့်ခဲ့တာ။

ခုတော့ ဒါတွေကို ငါထုတ်ပြလိုက်တယ်၊ ဖော်ပြလိုက်တယ်။ နင်သိသွားတယ်၊ နားလည်သွားတယ်၊ ခံစားသွားတယ်…. အဲဒီနောက်တော့ နင့်ကို ငါ ခွဲထွက်သွားတယ်။ မနေ့ကရဲ့ရင်းနှီးမှုက ဒီကနေ့မှာတော့ သူစိမ်းဖြစ်ခဲ့ပါတယ်……

 

နိုင်းနိုင်းစနေ

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *