ဘယ်​လောက်ပဲချစ်ချစ် ပိုင်ရှင်ရှိ​နေရင် နောက်ဆုတ်ရမှာက ကျင့်ဝတ်တစ်ခုပါပဲ

ဘယ်​လောက်ပဲချစ်ချစ် ပိုင်ရှင်ရှိ​နေရင် နောက်ဆုတ်ရမှာက ကျင့်ဝတ်တစ်ခုပါပဲ

ပိုင်ရှင်ရှိတဲ့ သူတစ်ယောက်ကို ချစ်မိသွားရင် နောက်ဆုတ်ပေးဖို့ ကြိုးစားရမှာက လူတိုင်းမှာ ရှိရမဲ့ ကျင့်ဝတ်တစ်ခုပါ ။ ဘယ်လောက်ပဲ တစ်စုံတစ်ယောက်ကို အရမ်းချစ်နေပါစေ အဲ့ဒီ့သူမှာ ပိုင်ရှင်ရှိနေပြီလို့ သိလိုက်ရရင် ဆက်မချစ်ဖို့ စိတ်ကို သတိပေးနေရမှာပါပဲ။ မစားကောင်းတဲ့ သစ်သီးပါ ။ ရှေ့ဆက်မတိုးရမဲ့ လမ်းပါ ။

 

ကိုယ်တောင် ပိုင်ရှင်ရှိတဲ့သူတစ်ယောက်ကို အရမ်းချစ်နေတယ်ဆိုရင် အဲ့ဒီ့သူရဲ့ ရည်းစားဆိုရင်ရော ဘယ်လောက်ထိ ချစ်လိမ့်မယ်ဆိုတာ ကိုယ်ချင်းစားကြည့်လို့ရပါတယ်။ ကျွန်တော်နဲ့ အသိညီမလေး တစ်ယောက်ရဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြလိုပါတယ် ။ အဲ့ဒီ့ ညီမလေးဆီက စာပြန်ရေးဖို့လည်း ခွင့်ပြုချက် တောင်းပြီးပါပြီ။

 

ဒီလိုပါ . . အဲ့ဒီ့ညီမလေးက ပိုင်ရှင်ရှိနေတဲ့ အစ်ကိုကြီး တစ်ယောက်ကို သဘောကျနေမိတာပါ ။ တစ်ဖက်က bro ကလည်း သူ့ကိုပြန်ပြီး သဘောကျပါတယ် ။ သူ့ကောင်မလေး ရှိလျက်နဲ့ ဒီညီမလေးကိုပါ တွဲနေသလိုလို ဘာလိုလိုပုံစံပေါ့ဗျာ ။ လက်ရှိတွဲနေတဲ့ ကောင်မလေးကိုလည်း မပြတ်နိုင်ပြန်ပါဘူး။ ဒီလိုနဲ့ ဟိုညီမလေးနဲ့ အဲ့ဒီ့ bro နှစ်ယောက်က စကားတွေ ပြောနေရရင်ကို ပျော်နေကြတယ်ပေါ့။ ဟို bro က သူ့ကောင်မလေးနဲ့ ဖုန်းပြောပြီးလို့ အားပြီဆိုရင် ဒီညီမလေးဆီကို ထပ် ဖုန်းဆက်ပြီး စကားတွေထပ်ပြောကြပါတယ် ။

 

ကျွန်တော်နဲ့ သိတဲ့ ညီမလေးကလည်း သူက ကြိုက်နေတာဆိုတော့ အဲ့လို ခိုးကြောင် ခိုးဝှက် တွဲသလိုလို ဘာလိုလို အနေအထားလေးကိုတောင် ကျေနပ်နေမိသလိုလိုပေါ့ဗျာ။ တစ်နေ့တော့ ကျွန်တော်နဲ့ခင်တဲ့ညီမလေးက အရမ်း မခံစားနိုင်တော့ ကျွန်တော့်ဆီ ရင်လာဖွင့်တယ် ။

 

” ဒီလို ဆုပ်လည်းဆူး စားလည်း ရူးနေရတဲ့ အခြေအနေကို ဘယ်လို လုပ်ရမလဲပေါ့။ ပိုင်ဆိုင်ဖို့ ကြိုးစားရမလား ။ လွှတ်ချလိုက်သင့်လား ”တဲ့။ ကျွန်တော် ပြန်ပြောလိုက်တဲ့ အဖြေက ရှင်းရှင်းလေးပါပဲ။

 

”မင်းချစ်တဲ့ သူမှာ ပိုင်ရှင်ရှိနေရင် ချက်ချင်းနောက်ဆုတ်ပါ ။ ချက်ချင်းလွှတ်ချပါ ။ အဲ့ဒီ့ စက်ကွင်းထဲမှာ တစ်စက္ကန့်လေးတောင် မနေပါနဲ့။ မင်းဘက်က အဲ့လိုတွယ်ကပ်နေတာဟာ တစ်ဖက်က ဒီ bro ရဲ့ ကောင်မလေးအတွက် လုံးဝမကောင်းဘူး ။ မင်း ကိုယ်တိုင် အဲ့ဒီ့ ကောင်မလေး နေရာက ဝင်ခံစားကြည့်ပြီး ကိုယ်ချင်းစာတွေးပေးလိုက်ကြည့်။ သူ ဘယ်လို ခံစားနေရမလဲ။ မင်းသာဆိုရင် မင်းရည်းစားကို နောက်ကွယ်မှာ မင်းမသိအောင် အီစီကလီ လာလုပ်နေရင် ကြိုက်မှာတဲ့လား။ တရားဝင် ချစ်သူတစ်ယောက်အနေနဲ့ ဘယ်လိုသောက ရောက်နေလိုက်မလဲ။ ”

 

ကျွန်တော် အဲ့လိုပြောတော့ အဲ့ဒီ့ညီမလေးက ပြန်ပြီး အတွန့်တက်တယ် ။

 

”ညီမက သူ့ကို အဆက်အသွယ်ဖြတ်ထားပေမဲ့ သူက ပြန်ပြီးရောက်ရောက်လာတာ။ သူက လိုက်ရှာပြီး ဆက်သွယ်တာပါ။ ညီမက အမြဲတမ်းစာပို့တာ မဟုတ်ပါဘူး ။ သူ့ဘက်က အမြဲတမ်း စ ပို့တာပါ ။ ညီမလေး သူ့ကောင်မလေးကို အားနာလို့ အထပ်ထပ် အခါခါ မဆက်သွယ်ဖို့ ပြောပါတယ် ။ ဒါပေမဲ့ သူက မရဘူး ။ အဲ့ဒါကြောင့် ညီမ အရမ်း ပင်ပန်းနေရင်တောင် သူ့ကို ဆွဲထားလိုက်ရမလားဟင် ”

 

”စနှိုက် ကြော်တယ် ဆိုတဲ့ စကားကို ကြားဖူးလား။ မင်း အခု ပြောနေပုံတွေက စနှိုက်ကြော်တိုင်း ပြောနေကျစကားတွေပဲ။ မင်း အဆက်အသွယ်ဖြတ်တယ်လို့ပြောတယ်။ ယတိပြတ် ဖြတ်လိုက်ဖူးလို့လား ။ မင်းဘက်က ယတိပြတ်မဖြတ်နိုင်ပဲ တွေဝေသလိုလို ဘာလိုလို လုပ်နေရင် ဟိုကောင်က မင်းဆီလာနေမှာပဲ။ မင်းက သူ လုပ်ရင် လုပ်သလို ဖြစ်ပါတယ်ဆိုတဲ့စိတ်နဲ့။ မင်းကလည်း ပြန်ပြန်ပါသွားတာလေ။ အဓိကက ရှင်းပါတယ်။ မင်းကိုယ်တိုင်က စိတ်မပိုင်းဖြတ်နိုင်တာ ။ မင်းကိုယ်တိုင်က ဒီအခြေအနေကြီးကို ကျေနပ်နေတာ ။ မင်းဘက်ကသာ တွေဝေနေပဲ ခပ်တင်းတင်းပြောလိုက်ရင် ရည်းစားရှိနေတဲ့ကောင်က မင်းဆီ လာရဲတော့မှာတဲ့လား”

 

ကျွန်တော့်ရဲ့ စကားတွေ နည်းနည်းမာသွားမိသလိုဖြစ်သွားတယ်။ အဓိကကတော့ ဒီညီမလေးအပေါ်ထားတဲ့ ကရုဏာဒေါသတွေပါ ။ သူ့ကို ဒီအခြေအနေကြီးမှာ ဆက်မနေစေချင်တော့လို့။

 

” ဟုတ်ကဲ့ အကို . . .ညီမ တွေဝေမနေတော့ပဲ ယတိပြတ် စွန့်လွှတ်လိုက်ပါ့မယ် ။ ညီမကို အခုလို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်နော် ” ” အေးပါ ညီမလေးရယ် . . အကိုစကားမာမိသွားရင် ခွင့်လွှတ်ပါ ။ မင်းအတွက် ပြောပြနေတာပါ ။ စနှိုက်ကြော်တယ်ဆိုတာ လုံးဝမကောင်းတာပါ။

 

အိမ်ထောင်ရေးနဲ့ ဥပမာပြ ပြောရရင် ဒါ မယားငယ်သာသာပါပဲ။ ဟို bro က မင်းကို ခဏအခိုက်အတန့်လေးအတွက်ပဲ အသုံးချနေတာ။ မင်းကို ချစ်တယ်ဆိုရင် ဟိုတစ်ယောက်နဲ့ လမ်းခွဲပြီး မင်းနဲ့ တွဲမှာပေါ့ ။ မင်းကို ယာယီ ကစားစရာတစ်ခုလို မှတ်ထားတာပါ။ သူ မလိုအပ်တဲ့ တစ်နေ့ မင်းကို ထားခဲ့မှာ ”

 

ကျွန်တော် ထပ်ပြီး ပြောပါရစေ ။ ပိုင်ရှင်ရှိတဲ့ သူတစ်ယောက်ကို ချစ်မိရင် ချက်ချင်းနောက်ဆုတ်ပါ ။ ချက်ချင်းလွှတ်ချပါ ။ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ right personတွေ အများကြီးတွေ့လာအုံးမှာပါ ။

 

Credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *